မယ်တော်၏ စေတနာဘွဲ့ခံကောင်းသော သိုးထိန်းအသင်း (ကောင်းသောသိုးထိန်းသီလရှင်အသင်း) သည် ရိုမင်ကက်သလစ် အသင်းတော်အတွင်း၌ ရှိနေသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီး သီလသည် အသင်းတစ်ခုဖြစ်ပြီး ယခု နိုင်ငံပေါင်း ၇၄ နိုင်ငံတွင် သီလရှင်အားလုံး ၃၂၇၃ပါး ဆက်ကပ်အမှုတော်ဆောင်လျက် ရှိပါသည်။ကျွန်မတို့သည် ပြန်လည် ကျေအေးသင့်မြတ်ခြင်း လုပ်ငန်းတော်၌ ပါဝင်အစေခံရန် ဖိတ်ခေါ်ခြင်းခံကြရသည်။ ကျွန်မတို့၏ ထူူးခြားသည့် ကျေးဇူးတော်ဖြစ်သော ကြင်နာသနားခြင်း မေတ္တာလုပ်ငန်း ကို ဆုတောင်းခြင်းဖြင့် ဆက်ကပ်သူများအနေနှင့် လည်းကောင်း၊ တမန်တော်လုပ်ငန်း လုပ်ဆောင်၍ ဆက်ကပ်သောသူများ အနေနှင့်လည်းကောင်း နေထိုင်ဆက်ကပ်ကြပါသည်။
အသင်း၏ လုပ်ဆောင်ချက် စဉ်ဆက်မပြတ် တိုးတက်နေစေရန်အတွက် ကောင်းသော သိုးထိန်း တမန်တော်လုပ်ငန်းတွင် ပါဝင်လက်တွဲ လုပ်ဆောင်သော သာမန်လူပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ၊ အချိန်ပိုင်း ဆက်ကပ်သူများနှင့် အလှူရှင်များ စသည့်ပုံစံမျိုးဖြင့် ဆက်ကပ်နေကြပါသည်။
ဘုရားရှင်၏ဖိတ်ခေါ်သံကို ခံစားမိသော အမျိုးသမီးငယ်တိုင်း ကျွန်မတို့ ကောင်းသောသိုးထိန်း သီလရှင်ကျောင်းများ၊ တမန်တော်လုပ်ငန်းများသို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ပါသည်။
ထိုမှ ပိုမိုစိတ်ဝင်စားလာလျှင် လေ့လာသူအဆင့်၌ လာရောက်နေထိုင် လေ့လာနိုင်ပါသည်။
ထိုမှတစ်ဆင့် အချင်းချင်း ရင်းနှီးလာသည်နှင့်အမျှ တာဝန်ရှိသီလရှင်မှ သူမအားဘုရား၏ ခေါ်တော်မူခြင်း ဘဝအသက်တာအကြောင်း ပိုမိုမြင်သာလာအောင် လက်တွဲကူညီပေးပါလိမ့်မည်။
ကောင်းသော သိုးထိန်းသီလရှင်ဘဝအဖြစ် နေထိုင်ဆက်ကပ်ရန် ဆုံးဖြတ်လိုက်သည်နှင့် သူမအား ဝင်လိုသူဘဝ၊ အကြို သီလရှင်လောင်းဘဝ၊ သီလရှင်လောင်းဘဝ၊ ယာယီသစ္စာခံ သီလရှင်ဘ၀ နှင့် စဉ်ဆက်မပြတ် ပုံသွင်းခြင်းဘ၀ အသက်တာသို့ အဆင့်ဆင့်လက်တွဲခေါ်ဆောင်သွားခြင်း ခံရမည် ဖြစ်ပါ သည်။
ဤအဆင့်တွင် တစ်ဦးချင်းစီ၏ ရင့်ကျက်မှုနှင့် အဆင်သင့်ဖြစ်မှုပေါ်မူတည်ြ့ပီး ဆုံးဖြတ်ပါသည်။
ဤအဆင့်သည် (၂) နှစ်တာကာလဖြစ်မည်။ မိမိ၏ခေါ်တော်မူခြင်း ဆန်းစစ်ခြင်းရန် တာဝန်ခံသီလရှင်မှ ကူညီပေးပြီး၊ ကောင်းသော သိုးထိန်းသီလရှင်အသင်း၏ သမိုင်းကြောင်း၊ အသင်း၏ တမန်တော်လုပ်ငန်းများနှင့် အတူနေထိုင်သော သီလရှင် အသက်တာ အတွေ့အကြုံများကို လေ့လာနေထိုင်ရင်း မိမိ၏ ခေါ်တော်မူခြင်းကို ဆန်းစစ် ရမည်ဖြစ်သည်။
ဤအဆင့်ပထမနှစ်တွင် ဘုရားနှင့်ရင်းနှီးရန် တရားအားထုတ်ပြီး ဘာသာရေးစာပေများ အထူးလေ့လာခြင်း၊ ဒုတိယနှစ်တွင် သီလရှင်များနှင့် အတူနေထိုင်သော အသက်တာကို လက်တွေ့နေထိုင်ရင်း အသင်း၏ တမန်တော် လုပ်ငန်းများ၌ပါဝင် လုပ်ဆောင်ခြင်း၊ သီလရှင်ဘဝ အသက်တာ အတွက်ပြင်ဆင်ခြင်း ကာလဖြစ်သည်။
သီလရှင်လောင်း (၂)နှစ်တာကာလ ပြီးဆုံးသည့်နောက် မိမိ၏လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ချက်ဖြင့် ယာယီကတိသစ္စာကို ပြုရပါသည်။ ဤအဆင့်တွင် သီလရှင်တစ်ပါးအနေဖြင့် အတူနေထိုင်သော ဘဝအသက်တာနှင့် တမန်တော်လုပ်ငန်းတွင် လက်တွေ့ပါဝင်လုပ်ဆောင်ပြီး မိမိအသက်တာကို ရာသက်ပန် ဆက်ကပ်နိုင်ရန်အတွက် တာဝန်ခံသီလရှင်၏အကူအညီဖြင့် လေးနက်စွာ ဆန်းစစ်ရမည်ဖြစ်သည်။ ဤအဆင့်သည် (၅) နှစ်မှ (၉) နှစ်ထိ ကြာမည်ဖြစ်သည်။
ကောင်းသော သိုးထိန်း သီလရှင်အသင်း၌ ဝင်လိုသူဖြစ်လိုပါက
ဆက်သွယ်ရန်လိပ်စာ
Vocation Promotion Directress
Good Shepherd Convent
အမှတ် ၁၁၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့
လသာမြို့နယ်
ရန်ကုန်
Call or send message
09250789150
[email protected]
ကောင်းသောသိုးထိန်းရှင် ယေဇူးဟုဆိုလိုက်သည်နှင့် ထူးထူးခြားခြားမြင်သာ ထင်ရှားသည့် အရာမှာ သနားခြင်းမေတ္တာပင်ဖြစ်သည်။ ထို့အတူ သိုးထိန်းရှင် ယေဇူး၏သနားခြင်း မေတ္တာအကြောင်းကြားလိုက်သည့် အခါတိုင်း မိမိ၏ အာရုံထဲပေါ်လာသည့်ပုံရိပ်များမှာ အပြစ်သားများ၊ အနှိမ်ခံလူတန်းစားများနှင့် လူ့ပတ်ဝန်းကျင်၏ အပြင်ဘက်သို့ ပါယ်ခံထားရသူများ ပင်ဖြစ်ပေမည်။ လူ့သဘာဝအရ ဖိနှိပ်ခံ၊ အပါယ်ခံလူတန်းစားများ၏ ဒုက္ခဘဝများအတွက် စာနာနားလည်နိုင်ကြသော်လည်း ထိုမတရားမှုများကို ဖြစ်ပေါ်စေသော အပြစ်သားများကိုမူ ပြစ်တင်ရှုံ့ချတတ်ကြသည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေကာမူ သိုးထိန်းရှင်ယေဇူး၏ သနားခြင်းမေတ္တာသည် လူသားတို့၏ မေတ္တာနှင့် ကွာခြားတော်မူ၏။
ကောင်းသောသိုးထိန်းရှင်၏ နောက်လိုက်တို့သည်လည်း ထိုစိတ်နှလုံးဝိညာဉ်ကို ယူတင်ဝတ် ဆောင်ရင်း လူသားနှင့် ဘုရားအကြား ပေါင်းကူးတံတားသဖွယ် လူသားတို့၏ (ဘုရားသားသမီးဟူသော) ဂုဏ်သိက္ခာကို ပြန်လည်မီးမောင်းထိုးပြရန်အတွက် ရှင်သန်နေကြသောသူများ ဖြစ်ပါသည်။ သို့ပင်သော်လည်း လူသားများ ဖြစ်သည့်အားလျော်စွာ ထိုနက်နဲသောမေတ္တာတရားကို အပြည့်အ၀ နားလည်ရန် ကျွန်မတို့မတတ်နိုင်ကြပေ။
လူကုန်ကူး၊ လူမှောင်ခို၊ မူးယစ်ဆေးသုံးစွဲ၊ ရောင်းဝယ်ဖောက်ကားသူတစ်စုနှင့် ရင်ဆိုင်ခဲ့ရသည့် နေ့ရက်တစ်ချို့တွင် ကျွန်မအတွက် ကြောက်ရွံ့ခြင်း ဆိုသောအရာကို စတင်နားလည်လာသည့်အချိန် ဟုဆိုရပေမည်။ အသက်အန္တရာယ် ကြုံတွေ့ရသူတိုင်း ကြောက်ရွံ့မည်မှာ သဘာဝပင်ဖြစ်ပေမည်။ ငြိမ်သက်ခြင်း ပျောက်ဆုံးပြီး အိပ်မရသောညများက ကျွန်မအဖို့ အလွန်ခြောက်ခြားဖွယ်ကောင်းခဲ့သည်။ အသက်အန္တရာယ်ပြုလိုသော ထိုသူတို့ကို ရင်ဆိုင်ဖို့ရန် ကျွန်မအဆင်သင့်မဖြစ်နိုင်ခဲ့ပါ။ သို့သော်လည်း မုချရင်ဆိုင်ရမည်ကို ခံစားမိလာသောအခါ ထိုကြောက်ရွံ့ခြင်း၌ပင် အပြစ်သားများကို အထူးချစ်တော်မူသော သခင်ဘုရားကို ပူဇော်ခဲ့သည်။ “ကိုယ်တော်၏ သနားကြင်နာခြင်းသည် ထိုသူတို့အတွက်လည်း ဖြစ်ခဲ့ပါလျှင် တပည့်တော်မကို သူတို့ လာတွေ့ကြပါစေ။” “သို့ပင်သော်လည်း သူတို့နှင့် ဆုံတွေ့သည့်အချိန်၌ တပည့်တော် အနားမှာ ကိုယ်တော်ရှိနေပေးပါ” ဟု ဆုတောင်းခဲ့သည်။ နောက်တစ်နေ့နံနက်တွင် ထိုသူတို့ထဲမှ တစ်ဦးနှင့် ဇာတ်လမ်းသဖွယ် မျက်နှာချင်းဆိုင် ဆုံတွေ့ခဲ့သည်။
ကျွန်မခန္ဓာကိုယ်တစ်ခုလုံး ကြောက်ရွံ့ခြင်း၏ ချုပ်နှောင်ခြင်းကို ခံစားလိုက်ရသည်။ ဒေါသမောဟ၊ အငြှိုးအတေး တို့နှင့် ပြည့်နှက်လျက်ရှိသော သူ့ အမူအရာ၊ ကြမ်းတမ်းရိုင်းပြသောစကားလုံးများအား တုံ့ပြန်စရာ ကျွန်မမှာစကား ရှာမတွေ့ခဲ့ပါ။ သို့သော်လည်း အချိန်ခဏတာအတွင်းမှာ ကျွန်မကကြောက်ရွံ့ သည်ထက် သူကပိုကြောက်နေသည်ကို ကျွန်မသိလိုက်သည်။ သူ့ကိုထိုင်ဖို့ဖိတ်ခေါ်ရင်း သူပြောသမျှကို ကျွန်မတည်ငြိမ်စွာ နားထောင်နေခဲ့သည်။ မာဖီယာ လူဆိုးဟု သတ်မှတ်ခံရသော၏ နှလုံးသား၌ ချစ်ခြင်းမေတ္တာ တည်ရှိနေသည်ကို ကျွန်မမြင်လိုက်မိသည်။ သို့သော်လည်း ထိုချစ်ခြင်းသည် အင်မတန် အားနည်း၏။ သူ့မျက်လုံးများ အားစိုက်ကြည့်ရင်း သူပြောသော စကားများကို ပြုံးလျက်ပင်နားထောင်ရင်း တစ်ချက်တစ်ချက် တုံ့ပြန်ခဲ့သည်။ ၄၅ မိနစ်ကြာ ပြောပြီးသောအခါ သူ၏အသံ၊ အကြည့်၊ အမူအရာအားလုံး ပြောင်းလဲသွားပြီး ကျွန်မထင် မထားသော အရာများပင် မြင်ခဲ့ရ၏။ သူ၏ ကောင်းမြတ်ခြင်းများကို ပိုပိုမြင်လာရသည်။ ခက်ထန်သော နှလုံးသားတစ်ခုသို့ နူးညံ့သိမ်မွေ့သော သနားခြင်းမေတ္တာ ထိုးဖောက်သွားသည်ဟု ခံစားမိပါသည်။ အသက်ရှင်လျက် ကျန်ခဲ့ရခြင်း၊ လူတစ်ဦး၏တန်ဖိုးနှင့် သခင် ဘုရား၏ အံ့သြဖွယ်ကောင်းသော လုပ်ငန်းအပေါ် အံ့သြခြင်းများနှင့်အတူ လူသားများသည်အခြေအနေတစ်ခုခု ကြောင့်သာ ကြမ်းတမ်းဆိုးသွမ်းသွားရခြင်းအကြောင်း ထောက်ရှုစဉ်းစားရင်း သခင်ဘုရားကို ကျေးဇူးတင်ရင်း ဖေါ်ပြ၍ မရသော ခံစားချက်တစ်ခုဖြင့် ကျွန်မခါးသီးစွာ ငိုကြွေးခဲ့ရသည်။ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာသည် အားလုံး သောလူသားများအတွက် ဖြစ်နေသည်ဆိုသောအဖြေကို ချက်ခြင်း အဖြေပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဤတွေ့ ဆုံခြင်းမှစပြီး ဘဝအခြေအနေ မတူညီသော ညီအစ်ကိုမောင်နှမများ နှင့်ဆုံတွေ့တိုင်း ဝေဖန်ဆုံးဖြတ်ခြင်းထက် သနားကြင်နာခြင်းကိုသာ လက်ဆင့်ကမ်းရန် ကျွန်မသင်ယူလိုက်ပါသည်။ သခင်ဘုရား၏ သနားကြင်နာခြင်းသည် အဆုံးမရှိတည်၏။
Sr. Elizabeth Joseph RGS
ကိုးကွယ်ယုံ ကြည်မှုမတူသော မိဘနှစ်ပါးမှမွေ:ဖွားခဲ့သည့် ကျွန်မအား ဘုရားတရား ရိုသေကိုင်းရှိုင်းမှု၊ အခြားဘာသာတရားအား လေးစားပေးတတ်မှု နှင့်အတူ၊ လူသား အချင်းချင်း အထူးသဖြင့် မိမိထက် ဘဝအခြေအနေ မလှသောသူများအား လေးစားတန်ဖိုး ထားဆက်ဆံရမည်ဟုူသည့် အချက်များကို မိဘနှစ်ပါးမှ သူတို့၏ အပြုအမှုများဖြင့်သင်ပေးခဲ့ပါသည်။ ထိုအရာများသည် တစ်နေ့ ကောင်းသော သိုးထိန်းသီလရှင် ဖြစ်လာရန်အတွက် ကျွန်မ၏နှလုံးသားထဲ၌ စတင်မျိုး စေ့ချပေးထားသော အရာများဟု ဆိုလျှင်မှားမည်မဟုတ်ပေ။
ငယ်စဉ်ကလေးဘ၀ အကြောင်းကို ပြန်တွေးမိသည့်အခါတိုင်း ယနေ့ သီလရှင် ဖြစ်လာရခြင်းမှာ ဘုရား၏ကျေးဇူးတော် သက်သက်ကြောင့်သာ ဖြစ်ကြောင်းယုံ ကြည်မိပါသည်။ အဘယ်ကြောင့်ဆို သော် မိဘနှစ်ပါးမှာမူ ဘုရားတရားကိုင်း ရှိုင်းလှသောလည်း ငယ်ရွယ်စဉ်က မိဘများကို ကြောက်၍သာ ဘုရားရှိခိုးခြင်း၊ တစ်ခါတစ်ရံ၌မူ ဘုရားကျောင်းမသွားချင်၍ နေမကောင်းသည်ဟု အကြောင်းပြကာ အိမ်၌နေကျန်ခဲ့ခြင်း၊ သာသာရေး သင်တန်းများကို တက်ရောက်ခွင့် ရသော်လည်း ကျန်းမာရေးမကောင်း၍ မိခင်အနား၌နေကျန်ခဲ့ရသော အဖြစ်အခြေအနေများကို ပျော်မွေ့စွာ လက်ခံခဲ့သည်။
မိခင်ဖြစ်သူ၏ ဆန္ဒမှာမူ ကျွန်မတို့ ညီအစ်မနှစ်ဦးထဲမှ တစ်ဦးတစ်ယောက်အား သီလရှင်ဖြစ်စေချင်ခဲ့သည်။ အထူးသဖြင့် ဘာသာတရားရေးရာ၌ တက်ကြွစွာ လှုပ်ရှား၍ လူပေါင်းဆန့်သော ကျွန်မ၏ အစ်မသည်သာလျှင် သီလရှင်ဖြစ်လာလိမ့် မည်ဟုသူမမျှော်လင့်ခဲ့ပါသည်။ အစ်မဖြစ်သူ စစ်သူနာပြု သင်တန်း သွားတက်ရောက်သည့် အချိန်မှစ၍ မိခင်ဖြစ်သူမှာ မျှော်လင့်ချက်မဲ့သူ တစ်ဦးကဲ့သို့ ဖြစ်ခဲ့ရပါသည်။ သို့သော်လည်း ကျွန်မ၏ မိသားစုအပေါ်၌ထား ရှိသောဘုရားသခင်၏ စီမံကိန်းမှာမူ အံ့မခန်းနိုင်ပေ။ ထိုနှစ်၌ ဖြေဆိုသော ဆယ်တန်းစာပေးပွဲကို အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘဝ၌ပထမဆုံးအကြိမ် ကျရှုံးမှုကြီး ဖြစ်ခဲ့သည့်အတွက်ကြောင့် ရင်ထဲ၌ မခံစားနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ ဘုရားမရှိလျှင် မိမိမည့်သည့်အရာကိုမျှ မတတ်နိုင်ကြောင်းကို ကိုယ်တွေ့ခံစားရပြီး ဘုရားဖက်တော် သို့ပြန်လှည့် လာခဲ့သည်။ တစ်နေ့တာ၏ပထမဆုံး အချိန်ကိုဘုရားအားပေးအပ်ခဲ့ပြီး ထိုနှစ်၌ ဖြေဆိုသောဆယ်တန်း ပညာကို အောင်မြင်ခဲ့သည်။
ဆယ်တန်းစာမေးပွဲ အောင်မြင်ပြီးသွားသော အခါ၌လည်း ဘုရားတရားဖက်၌မွေ့လျော်၍ ကျမ်းစာဖတ်ခြင်း၊ စိတ်ပုတီးစိတ်ခြင်းနှင့် မိမိ၏မွေးနေ့၌ ဥပုတ်စောင့်ခြင်းများကို ဆက်လက်ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း သီလရှင်ဖြစ်ဖို့ရန်အတွက်မူ စိတ်ထဲတွင်ပင် မတွေးဝံ့ခဲ့ပေ။ မိဘများကို အလွန်တွယ်တာခြင်းကြောင့် တစ်သက်လုံး မိဘများနှင့် အတူနေထိုင်ပြီး မိဘကျေးဇူးကို ဆပ်ဖို့ရန်အတွက်သာ စိတ်ထဲ၌ဆုံးဖြတ်ခဲ့သည်။ မိခင်ဖြစ်သူက ဘဝဆိုသည်မှာ ရုန်းကန်ရသည် ဆိုသည့်အရာကို သေချာစွာ နားလည်စေချင်သည့် အတွက်ကြောင့် ကျွန်မအား တစ်နှစ်အစိုးရဝန်ထမ်းအနေဖြင့် အလုပ်လုပ်စေခဲ့သည်။ ထိုတစ်နှစ်တာ၌ စရိုက်ပေါင်းစုံမှလာသော လူပေါင်းစုံနှင့် ဆက်ဆံရခြင်း၊ ပိုက်ဆံ၏ တန်ဖိုးကိုသိလာရခြင်း၊ အထူးသဖြင့် ဆင်းရဲသားများ၏ ဘဝကို ပို၍နားလည်လာပြီး ကရုဏာပိုခဲ့ရသည်။ တစ်နေ့အိမ်တွင် တစ်ဦးတည်းနေစဉ် မျိုးကြဲသူ စာစောင်ထဲမှ ခေါ်တော်မူခြင်းနှင့် ပတ်သက်သော ဆောင်းပါးကို ဖတ်လိုက်ရသောအချိန်၌ မိမိအားဘုရားက ထိုလမ်းကို လျှောက်ဖို့ရန်ခေါ်နေသည်ဟု ခံစားရ၍ မည်သည့်အရာကိုမဆို စွန့်လွှတ်ဖို့ရန်အတွက် သတ္တိများ ရှိလာခဲ့သည်။
ထိုနေ့ ညနေ အလုပ်မှပြန်လာသော မိခင်အား သီလရှင်ဖြစ်လိုကြောင်း ပြောပြသောအခါ မျှော်လင့်မထားသော စကားကို ကြားလိုက်ရသော မိခင်ဖြစ်သူမှာ စကားပြန်မပြောနိုင်အောင် ဖြစ်ခဲ့ရသည်။ ဗုဒ္ဓဘာသာဝင် ဖြစ်သော ဖခင်မှာမူ ပို၍ပင်မယုံနိုင်၍ မိခင်အားသော်လည်းကောင်း၊ ကျွန်မအားသော်လည်းကောင်း အဘယ်ကြောင့် သီလရှင်ဖြစ်ချင်ကြောင်း အကြိမ်ကြိမ် မေးမြန်းခဲ့သည်။ မေးမြန်းသည့် အခါတိုင်း မိမိ၏ သဘောဆန္ဒအရ သီလရှင် ဖြစ်ချင်ကြောင်း ပြောပြခဲ့ပြီး နောက်ဆုံးတွင် စိတ်မကောင်း ဖြစ်သည့်ကြားမှ သမီး၏ဆန္ဒကို လိုက်လျောခဲ့သည်။
ဘုရား၏ အလိုတော်ကို တစ်ခါတစ်ရံ၌ နားလည်ဖို့ရန် ခက်ခဲလှပါသည်။ မိမိ၏ သမီးနှစ်ဦးထဲမှ တစ်ဦးကို သီလရှင် ဖြစ်စေချင်လှပါသည်ဟု ဆိုသောမိခင်မှာမူ ကျွန်မ၏နှုတ်မှ သီလရှင် ဖြစ်ချင်သည်ဆိုသည့် စကားကို နောက်ထပ် လုံးဝမကြားလိုကြောင်း၊ သီလရှင် လုပ်လိုပါက တက္ကသိုလ်ပညာ ပြီးဆုံးပြီးမှသာလျှင် ခွင့်ပြုနိုင်မည် ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။
ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများကလည်း ကျွန်မ၏ ဆုံဖြတ်ချက်သည် တစ်ကိုယ်ကောင်း ဆန်လွန်းခြင်း၊ မိဘများကို မပြုစုချင်၍သာ ဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။ ထိုဝေဖန်မှုများကို ကျိတ်မိတ်ခံ၍ ကျွန်မအလွန်ချစ်၍ အမြဲသဒ္ဒါကြည်ညိုလေ့ရှိသော စိန်ဂျုဒ်ထံတွင် တိတ်တဆိတ် နိုဗီနာ ပြုလုပ်ခဲ့သည်။ နိုဗီနာ ပဉ္စမနေ့တွင် မိခင်ဖြစ်သူထံမှ အဝတ်အစားများကို အဆင်သင့် ပြင်ထားရန်နှင့် သီလရှင်ကျောင်းသို့ အမြန်ဆုံးသွားပို့မည်ဟု မမျှော်လင့်သော စကားကို ကြားခဲ့ရသည်။
အခက်အခဲ၊ အနှောက်အယှက် အမျိုးမျိုးကြားမှ ဘုရားရှင်၏ ကျေးဇူးတော်နှင့် အတူ၊ မိဘနှစ်ပါး၏ စွန့်လွှတ် အနစ်နာခံ ပေးဆပ်မှုများကြောင့် သာလျှင် ကျွန်မ ကောင်းသော သိုးထိန်းသီလရှင်ကျောင်း သို့ သီလရှင် လုပ်ဖို့ရန် အတွက် ဝင်ခွင့် ရရှိခဲ့ပါသည်။
(ကျွန်မ၏ဆောင်ပုဒ် – ဘုရားသခင်သည် အကောင်းဆုံးအချိန်၌ အကောင်းဆုံးသော အရာများကိုပေးသည်။)
ကျွန်မ နာမည် Sr.Candida ကေသီနိုင် ဖြစ်ပါတယ်။ ကျွန်မက ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုနှင့် ပြည့်ဝသောမိသားစုမှ မွေးဖွားခြင်းခံရပြီး အငယ်ဆုံးသမီးလေး ဖြစ်ပါတယ်။ ကျွန်မမှာ အစ်ကို(၃)ယောက်နဲ့ အစ်မ(၁)ယောက်ရှိပါတယ်။ ကျွန်မရဲ့မိဘများဟာ အလွန်အလုပ် ကြိုးစားခဲ့ရပြီး သားသမီး(၅)ယောက် အတွက် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့ပါတယ်။ အဖေဟာရေရောင်း၊ ထင်းရောင်း၊ စာအုပ်ရောင်းပြီး ကျွေးမွေးစောင့်ရှောက်ခဲ့သလို အမေကလဲ အိမ်မှာ ရှမ်းရိုးရာအစား အစာရောင်းခြင်းအားဖြင့် မိသားစုအား တဖက်တလမ်းမှ ကျွေးမွေးပြုစု စောင့်ရှောက်ပေးခဲ့ပါတယ်။ အဖေနဲ့အမေဟာ ကျွန်မတို့မောင်နှမ အားလုံး လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ဘုရားသခင်၌ ယုံကြည်ခြင်း ဘဝအသက်တာကိုလဲ အမွေပေးခဲ့ပါတယ်။
ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို ကျွန်မ ပထမဦးဆုံး ခံစားဖူးတာကတော့ ကျွန်မရဲ့ မိသားစုဆီကပဲဖြစ်ပါတယ်။ ဘုရားက သနားတတ်တဲ့၊ ချစ်တတ်တဲ့မိဘနဲ့ အစ်ကို၊ အစ်မတွေကို ပေးထားပါလားလို့လဲ အမြဲခံစားရတယ်။ ကျွန်မတို့ဟာငွေကြေးအားဖြင့် မပြည့်ဝသော်လဲ၊ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၌ ယုံကြည်အားကိုးခြင်း ဘဝအသက်တာနဲ့ ကြီးပြင်းလာခဲ့ရပါတယ်။
ဘုရားရဲ့ကောင်းကြီးကျေးဇူးကို မိသားစုကတဆင့်ခံစားလာရတော့ ကျွန်မစိတ်ထဲက ဘုရားကို တခုခု ပြန်ပေးချင်စိတ်ဖြစ် ပေါ်လာခဲ့တယ်။ ဘုရားပေးတာ များလွန်းလှပြီလို့ခံစားရတယ်။ ဘုရားက ပြန်ပေးဖို့မတောင်းမှန်းသိပေမဲ့ ကျွန်မကတော့ ပြန်ပေးချင်နေတယ်။ စိတ်ထဲမငြိမ်မသက် ဖြစ်မိတယ်။
၁၉၉၈ခုနှစ်မှာ ကျွန်မဆယ်တန်းအောင်တော့ ဘဝအတွက် တခုခုကိုရွေးချယ်ဖို့ဖြစ်လာတယ်။ အဲဒီအချိန်မှာ ကျွန်မနှလုံးသားထဲ ဖြစ်ပေါ်လာတဲ့အရာကတော့ “ဘုရားကိုပြန်ပေးစရာဆိုလို့ ငါ့ဘဝ တခုလုံးကလွဲပြီး ဘာရှိနိုင်ဦးမလဲ” ဆိုတာပါပဲ။ ဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်။
ကျွန်မဘဝကို အမျိုးသား တယောက်တည်းအတွက်၊ မိသားစုအတွက်ပဲ ပေးဆပ်ဖို့ ကျွန်မနှလုံးသားက ခွင့်မပြုနိုင်ဘူးဖြစ်နေတယ်။ အဲဒီအစား လူသားအားလုံးကို နှလုံးသားကြီးကြီးနဲ့ ချစ်ချင်မိတယ်…. ပေးဆပ်ချင်မိတယ်။ ကျွန်မဘဝတခုလုံးကို ဘုရားအတွက်၊ လူသားအတွက် ပေးဆပ်ခြင်းဖြင့် ဘုရားကို ကျေးဇူးဆပ် တင်ချင်တာလောက် မြင့်မြတ်တာ ဘာရှိနိုင်အုံးမလဲလို့ လေးနက်စွာ ခံစားမိတယ်။ ဘုရားရဲ့ ချစ်ခြင်းအတွက် ကျွန်မရဲ့ ချစ်ခြင်းနဲ့ ပြန်ပေးဆပ်ချင်မိတာပေါ့…….
ဒီလိုနဲ့ သီလရှင်ဘဝ အသက်တာနဲ့ ဘုရားကို ဆပ်ကပ်ဖို့ ဘယ်အသင်းကိုဝင်ရမလဲဆိုတာ စဉ်းစားစရာ၊ စိန်ခေါ်မှုဖြစ်လာတယ်။ အချိန်သေချာယူပြီး စဉ်းစားချင့်ချိန်၊ ဘုရားရှိခိုးရင်း သုံးသပ်ခဲ့တယ်။ နောက်ဆုံးတော့ ကောင်းသော သိုးထိန်းသီလရှင် အသင်းကို အရင် လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကျောင်းကို ရောက်လာတော့ စစ္စတာရ်တွေက နွေးထွေးစွာကြိုတယ်. နေရတာပျော်တယ်. အချိန်တိုင်းမှာပဲ စစ္စတာရ်တွေရဲ့ ဆုတောင်းခြင်း အသက်တာ၊ အဖွဲ့အစည်းနဲ့နေရခြင်း၊ တမန်တော်လုပ်ငန်း၊ လူမှုရေးလုပ်ငန်း အားတက်သရော ပါဝင် လုပ်ဆောင်နေရတာ မြင်ရတော့ အားကျမိသလို ကြောက်စိတ်တွေဝင်လာတယ်… စိန်ခေါ်မှု အရမ်းကြီးနေတယ်လို့ ခံစားလာရတယ်. “ငါလုပ်နိုင်ပါ့မလား… ဖြစ်ပါ့မလား” ဆိုပြီး သံသယဝင်လာတယ်…
အဲဒီအချိန်မှာပဲ တာဝန်ရှိစစ္စတာရ်က ကျွန်မကို” ညီမက ငယ်သေးတယ်…တက္ကသိုလ်ပြီး အောင်တက်ပြီး အလုပ်လုပ်ရင်း ခေါ်တော်မူခြင်းကို ပြန်စစ်အုံးနော် “ ဆိုပြီးပြောလာပါတယ်…… တက္ကသိုလ်ပြီးတော့ အလုပ် အတွေ့အကြုံရအောင် အလုပ်လုပ်တယ်… အလုပ်လုပ်ရင်းအပြင် လောကဘဝကို ပျော်မွေ့တာလဲတွေ့လာရတယ်… အလုပ်မှာ အောင်မြင်မှုလဲရလာတယ်… အလုပ် လုပ်ရင်း တစ်လ(၁)ခါလောက် တာဝန်ရှိ စစ္စတာရ်နဲ့ လာတွေ့ဖြစ်တယ်… အလုပ်လုပ်တာ (၁)နှစ်ကြာလာတော့ ကျောင်းကို အပြီးပြန်လာဖို့ အချိန်တန်လာတယ်… အဲဒီအချိန်မှာ ဆုံးဖြတ်ချက်ချဖို့ အရမ်း ခက်ခဲလာခဲ့တယ်… အလုပ်ရာထူး၊ ငွေရဲ့ဆွဲဆောင်မှုမှာ ကျွန်မရုန်းထွက်ဖို့ ခက်ခဲခဲ့တယ်… သီလရှင် ဖြစ်ချင်တာကဆန္ဒတခု၊ အလုပ်မှာဆက်ပြီး အောင်မြင်မှု ရချင်တာက နောက်ဆန္ဒတခု ဆိုပြီးလွန်ဆွဲလာတယ်…ကျွန်မအတွက် အခက်ခဲဆုံးအချိန်ဖြစ်ခဲ့တယ်.. ဘုရားကိုလဲ အရမ်းအားကို ဆုတောင်းရင်း နောက်ဆုံးတော့ သီလရှင်ဘဝကိုလဲ ဆက်လျှောက်ဖို့ ဆုံးဖြတ်နိုင်ခဲ့တယ်.. သီလရှင်တွေရဲ့ ဘဝအသက်တာ အပေါ် သံသယရှိခဲ့ပေမဲ့ အခုချိန်မှာတော့ သတ္တိတွေနဲ့အတူ စိန်ခေါ်မှုကို တုန့်ပြန်ဖို့ ဆန္ဒပြင်းပြခဲ့တယ်…
ကောင်းသော သိုးထိန်းသီလရှင်တွေရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ (လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှ ပစ်ပယ်ခံထားရတဲ့ ) အမျိုးသမီးများနှင့် ကလေးများအတွက် လူ့ဂုဏ်သိက္ခာနှင့်အညီ ပြန်လည်နေထိုင်နိုင်ဖို့ဆိုတဲ့ အရာက ကျွန်မနှလုံးသားကို လှုပ်ခါခဲ့တယ်.. ဘာဖြစ်လို့လဲဆိုတော့
ကျွန်မငယ်ငယ်တုန်းက အမျိုးသမီးငယ်ငယ်လေးတွေ တခြားနိုင်ငံသွားပြီး မိမိခန္ဓာကိုယ်ကိုရင်းပြီး မိသားစုအတွက် ပေးဆပ်ရင်းဘဝကို မလှမပ နိဂုံးချုပ်တာတွေ အများကြီးမြင်တွေ့ခဲ့ရတယ်.. အဲဒါတွေက ကျွန်မကို အရမ်းကြေကွဲ ဝမ်းနည်းစေသလို၊ ” သူတို့လေးတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ငါဘာလုပ်ပေးနိုင်မလဲ“ ဆိုပြီးခံစားခဲ့ဖူးတယ်.. မိန်ကလေး ဖြစ်ရတဲ့ဘဝကို မြတ်နိုးတဲ့ ကျွန်မက တခြားမိန်းကလေးတွေကိုလဲ ကောင်းမွန်တဲ့ဘဝနဲ့ ဖြတ်သန်းစေချင်ခဲ့တယ် ………
မိန်းကလေးများအတွက် တတ်နိုင်သလောက် ပါဝင်ကူညီဖေးမပေးဖို့၊ သူတို့ဘဝ လူ့တန်ဖိုးနဲ့ အညီနေနိုင်ဖို့ ကျွန်မဆန္ဒ ပိုပြင်းပြလာခဲ့လို့လဲ ၂၀၁၀ ဧပြီလ ၂၁ ရက်မှာ သီလရှင်ဘဝကို ခံယူခဲ့တယ်….
အခက်အခဲ၊ စိန်ခေါ်မှု၊ နှောက်ယှက်မှု၊ လောကရဲ့ ဆွဲဆောင်မှုတွေကို ဘုရားကျေးဇူးနဲ့ ကျော်ဖြတ်ရင်း အခုတော့ ကျွန်မဟာ အမျိုးသမီးများနှင့် ကလေးငယ်များဘဝ ( မြင့်တင်ပေးရေး၊ ကာကွယ်ပေးရေး) အတွက် ဘုရားအမှုတော် ဆောင်လျှက်ရှိပါတယ်…..
လူငယ်မောင်မယ်များ အားလုံးကိုလည်း ကောင်းေးသာ သိုးထိန်းရှင်မြတ်၏ ကယ်တင်ခြင်း လုပ်ငန်းမှာ အုတ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် ပါဝင်ဆပ်ကပ်ဖို့ရန် နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။
ကက်သလစ် အသိုင်းအဝိုင်း၌ ကြီးပြင်းခဲ့ရမှုကြောင့် ဘုရားကျောင်း၊ ဘုရား စကားအတန်းများကို ငယ်စဉ်ကတည်းက ပုံမှန်တက်ရသည်။ သီချင်းဆို ဝါသနာပါသောကြောင့် အဆိုတော်တစ်ဦး ဖြစ်လိုသည့် ရည်ရွယ်ချက်ကြီးမားခဲ့သည်။ သာသနာအုပ်စုမှလည်း လူငယ်များ၏အနုပညာ၊ အဆိုအတီး စွမ်းရည်များကို မြှင့်တင်ပေးရန်ရည်ရွယ်ပြီး တီးဝိုင်းအုပ်စုများကို ဖွဲ့ထားပေးခဲ့သည်။ ထိုအဖွဲ့၌ပါဝင်ပြီး ဘုရားကျောင်းပွဲ၊ ရဟန်း သိက္ခာတင်ပွဲများတို့၌ သီချင်း သီဆိုခြင်းကို သတ္တမတန်းမှစ၍ တောင်ကြီး ဒီဂရီကောလိပ်၊ ပထမနှစ်အထိ ဝါသနာကြီးစွာ သီဆိုခဲ့သည်။ ငယ်စဉ်ကတည်းက သီလရှင်ဖြစ်လိုစိတ် လုံးဝမရှိခဲ့ပါ။ သီလရှင်များနှင့် နေ့စဉ်နီးပါး ဘုရားကျောင်း၊ ဘုရားစကား၌ တွေ့မြင်နေရပါသော်လည်း သူတို့ဘဝသည် မလွတ်လပ်သောဘဝ၊ ရွေးချယ်စရာ မရှိသောဘဝဟု အပေါ်ယံမြင်ပြီး ဝေဖန်သုံးသပ်ခဲ့ပါသည်။ မစ္ဆားမှန်မှန်တက်မှုကြောင့် အသိုင်းအဝိုင်းမှ သီလရှင်ဝင်လိုသူနှင့် တူသည်ဟု ပြောမိသောသူတို့အား အင်မတန်စိတ်ဆိုးခဲ့ဖူးသည်။
အလယ်တန်း ကျောင်းသူဘဝ၌ ကျွန်မ၏အစ်ကိုအကြီးဆုံး Brother Jerome သားရီ (Fr. Jerome သားရီ) သည် ကက်သလစ် ရဟန်းဖြစ်တက္ကသိုလ်၌ ပညာဆည်းပူးစဉ် ထိုကျောင်း၌ အင်္ဂလိပ်စာပြ ပေးသော ကောင်းသော သိုးထိန်းသီလရှင် Sr. Marie Lewis နှင့် ခင်သောကြောင့် ကျွန်မညီမအငယ်ဆုံးအား ကောင်းသောသိုးထိန်း သီလရှင်အသင်းကို စိတ်ဝင်စားရန် အားပေးခဲ့သည်။ ညီမအငယ်ဆုံးမှ သီလရှင်ဖြစ်ရန် စိတ်ဝင်စားသူ ဖြစ်သောကြောင့် စစ္စတာရ်များနှင့် အဆက်အသွယ်ရှိခဲ့သည်။ စစ္စတာရ်များမှလည်း အသင်းတည်ထောင်သော ရဟန္တာမ အထုတ်ပတ္တိ စာအုပ်နှင့်တကွ လက်ဆောင်များကို ညီမလေးထံသို့ပို့ပေးခဲ့သည်။ ထိုရဟန္တာအကြောင်း ဖတ်မိပါသော်လည်း ကျွန်မစိတ်မဝင်စားခဲ့ပါ။ သို့သော် ကောင်းသော သိုးထိန်း သီလရှင်အသင်း အကြောင်း ပထမဦးဆုံးအကြိမ် ကြားသိခဲ့ရခြင်းပင် ဖြစ်သည်။ ကောင်းသော သိုးထိန်း သီလရှင်အသင်းကို ဝင်သူသည် အင်္ဂလိပ်စာတတ်ရန် လိုသည်ဟု တစွန်းတစ ကြားဖူးခဲ့သည်။
တောင်ကြီး ဒီဂရီကောလိပ် တက်စဉ် ဒုတိယနှစ်၌ မိမိရှေ့ဆက်ရမည့် ဘဝအတွက် ရွေးချယ်ရမည့်လမ်းကို လေးနက်စွာစဉ်းစားမိပါသည်။ သီချင်းဆိုခဲ့ရသည် ဘဝကို ကျေနပ်မိလာပြီး အဆိုတော် ဖြစ်ချင်သည့်စိတ် မရှိတော့ပေ။ သို့သော် ကျောင်းပြီးလျှင် ဆရာမကောင်းတစ်ဦး ဖြစ်လိုသောစိတ်ရှိခဲ့သည်။ ထိုအချိန်မှစ၍ မိမိ၏ ခေါ်တော်မူခြင်းဘ၀ အမှန်ကို မြင်နိုင်ရန်၊ သိနိုင်ရန် ဆုတောင်းရမည်ဟု စိတ်ထဲ၌ ပြင်းထန်စွာ ပေါ်လာပြီး လေးနက်စွာ ဆုတောင်းလာခဲ့သည်။ ဤကဲ့သို့ ဆုတောင်းသောအခါ သီလရှင်ဖြစ်လိုသည့်စိတ် ရေးရေးလေး ပေါ်လာသောအခါ မိမိစိတ်၌ မနှစမြို့ခဲ့ပါ။ ထိုစိတ်ပေါ်လာတိုင်း မသိကျိုးကျွံနေခဲ့သည်။ “ငါသီလရှင် မဖြစ်ချင်ဘူး” ဟူ၍ အတွင်းစိတ်၌ အမြဲ ငြင်းချက် ထုတ်ခဲ့ရသောကြောင့် စိတ်မငြိမ်မသက်မှုကို အမြဲခံစားနေရသည်။
ဤသို့အတွင်းစိတ်၌ ရူန်းကန်နေရစဉ် တနေ့၌ Fr. Anthony Khu (ကွယ်လွန်)နှင့် စကားစမြီပြောနေရင်း ရန်ကုန်တွင်ရှိသော ကောင်းသော သိုးထိန်း သီလရှင်အသင်းကို ဝင်လိုသော ဆန္ဒရှိပါက ဝင်လေ့လာရန် သူအားပေးခဲ့သည်။ ထိုသီလရှင်များသည် ဘွဲ့ရပြီးအလုပ်အတွေ့အကြုံရှိ သောသူများကို အမြဲဖိတ်ခေါ်ကြောင်းရှင်းပြခဲ့သည်။ ထိုအသင်းအကြောင်းအား ဒုတိယအကြိမ် ကြားခဲ့ရပြန်သည်။ သို့သော် ထိုအသင်းအား သွားလေ့လာရန် စိတ်မကူးခဲ့ပေ။
၁၉၈၈ အရေးခင်းကြောင့် ကျောင်းပိတ်သွားသဖြင့် ကျောင်းအားရက်၌ လွိုင်ကော်မြို့ပေါ်ရှိ မူလတန် အရွယ်ကလေးများအတွက် တောင်ကြီးဒီဂရီကောလိပ်တွင် တက်နေ သောကက်သလစ် ကျောင်းသူ ကျောင်းသားများမှ ဦးဆောင် သင်တန်းဖွင့်ပေးရန် လွိုင်ကော်ကျောင်းထိုင် ဘုန်းတော်ကြီး Fr. Sotero ဖားမော (Bp Sotero ဖားမော (ငြိမ်း) )မှ တာဝန်ပေးခဲ့သည်။ ဤသို့ လုပ်နေရင်း မိမိဘဝကို အများအတွက် ဆက်ကပ်လိုစိတ် ပို၍ပြင်းထန်လာခဲ့သည်။
ကျွန်မ၏ မိဘနှစ်ပါးသည် တခါတရံ ညနေပိုင်းအားလပ်ချိန်၍ ကျောင်းထိုဘုန်းတော်ကြီးထံ အလည်အပတ် သွားတတ်သော အလေ့ကို ငယ်စဉ်ကတည်းက သတိထားမိသည်။ တစ်ညနေ၌ ကျွန်မ၏မိဘနှစ်ပါးသည် ကျွန်မတို့၏ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Sotero ဖားမော ( ယခု Bp Sotero ဖားမော (ငြိမ်း)) အား သွားရောက် အလည်အပတ်ပြုစဉ် ဘုန်းတော်ကြီးမှ ကျွန်မအား သီလရှင်ဝင်လိုသော စိတ်ဆန္ဒရှိပါက ကောင်းသော သိုးထိန်းအသင်းကို ဝင်လေ့လာရန် အကြံပြု ခဲ့သည်။ ထိုအကြောင်းကို အမေမှကျွန်မအား ပြောပြသောအခါ ကျွန်မမှ အင်္ဂလိပ်စာမတတ်၍ မဖြစ်နိူင်ကြောင်း ပြန်ပြောလိုက်မှုကြောင့် အမေမှ ကြိုးစားလျှင် အင်္ဂလိပ်စာ တတ်နိုင်ပါသည်ဟု တိုတိုတုတ်တုတ်နှင့်ပင် အားပေးစကား ပြောခဲ့ဖူးပါသည်။
ဖာသာရ်ဆိုတေးရို ဖားမောသည် ကောင်းသောသိုးထိန်း သီလရှင်များနှင့် ရင်းနှီးသောကြောင့် သီလရှင်များအား လွိုင်ကော်မြို့သို့ ခေါ်တော်မူခြင်း ရရန်ဖိတ်ခေါ်ခဲ့သည်။ ထို့ကြောင့် Sr. Marie Lewis နှင့် Sr. Veronice Anthony တို့ လွိုင်ကော်သို့ အလည်လာရင်း အသင်းကို စိတ်ဝင်စားသူများ အတွက် (၄) လသင်တန်းကို ရန်ကုန်တွင် ဖွင့်မည့်အကြောင်း သတင်းလာပေးသည်။ ဖာသာရ်ဆိုတေးရိုမှ ထိုစ္စတာရ်များနှင့် တွေ့ရန်ဖန်တီးပေးခဲ့သည်။ ထိုစ္စတာရ်များနှင့် မတွေ့ခင် ရင်ထဲ၌ လေးလံခဲ့သော်လည်း ထိုစ္စတာရ်များနှင့် စကားပြောပြီးနောက် ရင်ထဲ၌လွတ်လပ် ပေါ့ပါးလာကာ သူတို့စီစဉ်ပေးမည့် လေ့လာသူများအတွက် သင်တန်းတက်ရန် သူငယ်ချင်း နှစ်ဦးနှင့် အတူ သွားရောက် လေ့လာခဲ့ပါသည်။
သင်တန်း တစ်လျှောက်လုံး၌ မိဘနှစ်ပါးနှင့် မောင်နှမများ (Fr. Sotero), Fr Peter La (Pb Peter La ) တို့မှ ကျွန်မလေ့လာနေသော သီလရှင်ဘဝသည် အင်မတန် တန်ဖိုးရှိသော ဘဝဖြစ်ကြောင်း ပါရမီများကို အမြဲကျင့်ကြံရန်လိုကြောင်း များစွာတိုက်တွန်း အားပေးခဲ့သည်။
လေ့လာသူများကို တာဝန်ယူကြည့်ရှုပေးသော Sr. Veronice Anthoy၏ နားလည်ပေးမှု၊ ဖေးမမှု၊ အားပေးမှုများနှင့် ကောင်းသောသိုးထိန်း သီလရှင်များ၏ အဓိကကျသော လုပ်ငန်း စဉ်များဖြစ်သည့် အခြေအနေ အမျိုးမျိုးကြောင့် ဘဝနာခဲ့ရသော မိန်းကလေးများကို ကူညီမြင့် တင်သော လုပ်ငန်း၌ တစေ့တစောင်း လေ့လာရင်း၊ ပါဝင်ရင်းနှင့် မိမိကိုယ်ကို ဆန်းစစ်ခဲ့ပါသည်။ ဤသို့ ဆန်းစစ်ရင်း အတွင်းစိတ်၌ ငြိမ်သက်ခြင်း တဖြည်းဖြည်း ရလာကာ ဤသီလရှင်ဘဝသည် ကျွန်မ၏ ဘဝဖြစ်ပါသည်ဟု စိတ်၌ တဖြည်းဖြည်းယုံကြည်လာပါသည်။ နောက်ပိုင်း အခက်အခဲများ တွေ့ရပါသော်လည်း နောက်မဆုတ်ပဲ ဇွဲရှိရှိ မြတ်နိုးစွာရွှေးချယ် လျှောက်လှမ်းရင်း သီလရှင်ဖြစ်လာပါသည်။ ဤခေါ်တော်မူခြင်း ဘဝအသက်သာ၌ လျှောက်လှမ်းရန် ခေါ်တော်မူသော ဘုရားသခင်နှင့် ကူညီကြသော ကျေးဇူးရှင်တစ်ဦးချင်းစီအား ကျေးဇူးတင်လျှက်၊ ဆုတောင်းပေးလျှက်……..
Sr. Agness ပိုင်တူး
ကျွန်မနာမည်က Sr. Angela San Nwe လို့ခေါ် ပါတယ်။ မိသားစု မွေးချင်း (၈) ဦးအနက် ကျွန်မက (၇) ယောက်မြောက်ဖြစ်ပါတယ်။ ၂၀၀၂-၂၀၀၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် မအူပင် တက္ကသိုလ်၌ သမိုင်းအထူပြုဘာသာရပ်ဖြင့် (B.A) ဘွဲ့ကိုရရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဖာသာရ် နေရီဦးမောင်မောင်၏ လမ်းညွှန်ပေးးမှုဖြင့် ရန်ကုန်မြို့ရှိ ကောင်းသောသိုး ထိန်းသီလရှင်ကျောင်း၌ ဝင်လိုသူအဖြစ်ဖြင့် အသင်း၏တမန်တော်လုပ် ငန်းများကိုလေ့လာရန်ရောက်ရှိခဲ့ပါသည်။ ကျွန်မအနေဖြင့် ဘုန်းကြီး၊ သီလရှင် အရောက်အပေါက်နည်းသောရွာတွင် နေခဲ့ရသဖြင့် ရံဖန်ရံခါ စိန်ဖရန်စစ် ဇေးဗီးယားသီလရှင်များကိုသာ မြင်ခဲ့ဖူးသည်။ သူတို့ကို မြင်ရသည့်အခါတိုင်းသီလရှင်ဖြစ်ချင်စိတ်ဖြစ်မိသလို သူတို့ရဲ့ ဘဝလေးတွေက အရမ်းကိုအေးချမ်းပြီး အရမ်းကိုလှပနေတယ်လို့ ခံစားမိခဲ့ဖူးသည်။ မှန်ပါတယ် ဒီလိုအတွေးတွေနဲ့ ကျွန်မ လေ့လာသူဘဝကို စတင်ခဲ့ပါတယ်။
သီလရှင်ကျောင်း၌ တစ်ခါမှ မနေခဲ့ဖူးသော ကျွန်မရဲ့အတွေ့အကြုံ၊ မိဘနှင့်တစ်ခါမျှမခွဲဖူးသော အတွေ့အကြုံများကြောင့် လေ့လာသူဘဝကို တကယ်ပဲ ခက်ခဲစွာဖြင့် ဖြတ်သန်းခဲ့ရပါတယ်။ လူမျိုးပေါင်းစုံ အတူတကွ နေထိုင်ရသောကြောင့် ကိုယ့်ရဲ့အစားအသောက်၊ အနေအထိုင်၊ အပြောအဆို၊ ပေါင်းသင်ဆက်ဆံရေးကစလို့ အစစအရာရာကို ကြိုစားသင်ယူခဲ့ရပါတယ်။ ကျွန်မ သူတော်စင်ဘဝရဲ့ ပထမခြေလှမ်းလို့ ပြောရမဲ့ လေ့လာသူဘဝမှာ ကျွန်မရဲ့ အားနည်းချက်တွေကို ချိုးဖဲ့ခံခဲ့ရသလို ကိုယ်ကိုယ်တိုင်လည်း အားနည်းချက်တွေကို အများကြီးပြင်ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့အားသာ ချက်တွေကိုလည်း ကျွန်မသိလာခဲ့တယ်။
ဒီလိုနဲ့သူတော်စင်ဘ၀ အသက်တာဟာ တကယ်ပဲခက်ခဲတယ် ဆိုတာကို ကျွန်မသိလာခဲ့တယ်။ တစ်ချိန်တည်းမှာလည်း ဒီဘဝကို ကျွန်မ နှစ်သက်ခုံမင်လာခဲ့တယ်။ ဒီဘဝဟာ အရမ်းကို လွယ်ကူနေမယ်ဆိုရင် ကျွန်မရွေးချယ်ဖြစ်မှာ မဟုတ်သလို၊ ကြိုးစားချင်စိတ်လည်းရှိခဲ့မှာ မဟုတ်ပါဘူး။ ခက်ခဲမှန်းသိလို့ ကျွန်မရွေးချယ်ခဲ့တာပါ။ ကျွန်မတကယ်ကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ်ကို အချိုးခံခဲ့တယ်။ ကျရှုံးခဲ့တယ်။ အကြိမ်ကြိမ်ပြန်ထခဲ့တယ်။ အကြိမ်ကြိမ်ငိုခဲ့ဖူးတယ်။ အကြိမ်ကြိမ်ကိုယ်ဟာကို အားပေးခဲ့တယ်။ အကြိမ်ကြိမ်အိမ်ပြန်ဖို့ ဘုရားထံမှာ ငိုယိုပြီးပြောပြခဲ့ဖူးသလို အကြိမ်ကြိမ်လည်း ဆက်ပြီးနေထိုင်နိူင်တဲ့ခွန်အားတွေ ပေးဖို့ တောင်းခံခဲ့ဖူးတယ်။
ဒီလိုနဲ့ အကြိုသီလရှင်ဘဝ၊ သီလရှင်လောင်းဘ၀ ဆိုတဲ့ဘဝတွေကို ဖြတ်သန်းရင်း ၂၀၁၇၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပထမကတိသစ္စာကို ရန်ကုန်မြို့ ကောင်းသောသိုးထိန်းသီလရှင်ကျောင်းတွင် ခံယူခဲ့ပါတယ်။ ယခုဆိုရင် တစ်နှစ်မပြည့်သေးတဲ့ သီလရှင်အငယ်တစ်ပါးဘဝနှင့် ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာ တမန်တော်လုပ်ငန်းများကို လုပ်ဆောင်နေပါတယ်။ ဒါ့ကြောင့် ကျွန်မရဲ့ သီလရှင်ဘဝအသက်တာကို လေးစားမြတ်နိုးတန်ဖိုးထားရင်း၊ ဘုရားသခင်အားအထူးကျေးဇူးတင်ရင်းနဲ့ သူတော်စင်ဘဝအသက်တာကို လျှောက်လှမ်းနေကြသောဘုန်းကြီး ၊ သီလရှင်များ၏ ဘဝအသက်တာကို လေးစားဂုဏ်ယူရင်း ………………
သိုးထိန်းရှင် ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်၌
Sr. Angela
“သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်……..” (ယောဟန် ၁၅း၁၆) တွင် သခင်ခရစ်တော်ပြောထားသကဲ့သို့၊ ကျွန်မ၏ခေါ်တော်မူခြင်းသည် ကျွန်မက ဘုရားသခင်ကိုရွေးခြင်းမဟုတ်ပဲ၊ ဘုရားကသာလျှင် ကျွန်မကို ရွေးထားခြင်းဖြစ်ပါသည်။
ကျွန်မ၏မိဘ( ၂ ) ပါးမှာ အစိုးရဝန်ထမ်းဖြစ်သော ကြောင့် မိဘတို့ တာဝန်ကျရာ နေရာဒေသများကို ငယ်စဥ် ကလေးဘဝထဲမှပင် ၊ မကြာခဏပြောင်းရွှေ့ခဲ့ရသည်။ အချို့သော နေရာများမှာ ရဟန်းဘုန်းတော်ကြီးမရှိပဲ တစ်နှစ်လျှင်တစ်ကြိမ်သာ ရဟန်းရောက်ရှိပြီးမစ္ဆားတရားတက်ရောက်ရသောနေရာများ ဖြစ်သဖြင့် ကလေးဘဝ၌ရဟန်းသီလရှင်များနှင့် တွေ့ဆုံရင်းနှီးရခြင်းမရှိသကဲ့သို့ ၎င်းတို့ထံမှဘုရားစကား သင်ယူရခြင်းလည်းမရှိခဲ့ပါ။ သို့သော် ဘုရားတရားအလွန် ကိုင်းရှိုင်းသော အဖိုးအဖွားနှင့် မိခင်တို့ ထံမှသာ၊ ဘုရားနှင့်ပတ်သက်သော အကြောင်းအရာများ၊ ကျမ်းစာထဲမှပုံဥပမာများနှင့် မေတ္တာများကို ကြားသိသင်ယူခဲ့ရသည်။ငယ်ရွယ်စဥ်အချိန်၌ ကျွန်မ၏အဖြစ်ချင်ဆုံးဆန္ဒမှာ ကျောင်းဆရာမတစ်ဦးပင်ဖြစ်သည်။
သီလရှင်ဘဝအသက်တာဆိုသည်ကိုလည်း ဘဝ၏ရွေးချယ်၍ရသောအရာတစ်ခုဖြစ်ကြောင်း အမှန်တကယ် မသိခဲ့ပေ။ ကျွန်မ(၉)တန်းရောက်စဥ်တွင်ဖခင်မှာ နယ်မှ ရန်ကုန်သို့ပြောင်းရွှေ့ခဲ့ရသည်။ ထိုအချိန်မှစ၍ အင်းစိန်သာသနာရှိ စိန်လာဇရူးဘုရားကျောင်းတွင် မစ္ဆားတရားကိုအပတ်စဥ်တက်ရောက်ခဲ့ရသည်။ (၁၀)တန်းစာမေးပွဲဖြေအပြီးဘုရားကျောင်း၌ နွေရာသီဘုရားစကားတစ်လ သင်ကြားရချိန်တွင် ဘုရားစကား သင်ပေးသူ Bro.Noel Htun Latt(ယခု Fr.Noel Htun Latt) က ၊ ဘုရားစကား တက်ရောက်သူများအား “ကြီးလာရင်ဘာလုပ်မလဲ” ဟုကျွန်မတို့တစ်ဦးစီအားမေးပါသည်။ တစ်ယောက်တမျိုးစီ ဖြေဆိုကြပြီး ကျွန်မအလှည့်တွင်လည်းမူလရည်ရွယ်ချက်ဖြစ်သော “ကျောင်းဆရာမလုပ်မည်”ဟု ဖြေခဲ့သည်။
သို့သော် ကျွန်မ၏သူငယ်ချင်းတစ်ဦးဖြစ်သူမှ “ကြီးလာလျှင် သီလရှင်လုပ်မည်၊ ရန်ကုန်ဆေးရုံကြီး အရှေ့ရှိကျောင်းမှ သီလရှင်များကဲ့သို့သီလရှင်လုပ်မည်” ဟု Bro. အားဖြေကြားခဲ့သည်။ သူမ၏အဖြေသည် ကျွန်မအတွက်ထိုစဥ်က ထူးဆန်းဖွယ်ရာပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သီလရှင်ဖြစ်ခြင်းသည် ဘဝ၏ရွေးချယ်ရာတစ်ခုလည်း ဖြစ်သည်ကို လုံးဝမသိနားမလည်သောကြောင့်ဖြစ်သည်။ ၎င်းအဖြစ်အပျက်သည် ကျွန်မအတွက်ဘုရားမှ ခေါ်တော်မူခြင်းဆိုသည့်စကားကို ပထမဆုံးပေးသိခြင်း ဖြစ်သကဲ့သို့ ခေါ်တော်မူခြင်းအတွက်မျိုးစေ့လေးကို စတင်ပေးသိခဲ့သည့် အချိန်ပင် ဖြစ်သည်ကို နောက်မှ နားလည်လာခဲ့သည်။
သို့သော်(၁၀)တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်စတက်သည့် အချိန်မှစပြီး ထိုမျိုးစေ့လေးသည် မေ့မေ့လျော့လျော့နှင့် ပျောက်ဆုံးနေခဲ့သည်။ တက္ကသိုလ်တက်ဆဲအချိန်တွင် နိုင်ငံရေးအခြေအနေကြောင့် ကျောင်းများတဝက်တပျက်နှင့်နားနေရစဥ်တွင် ဖခင်၏အရှိန်အဝါဖြင့် လှိုင်မြို့နယ် တရားရုံးတွင် တရားခွင် စာရေးအနေဖြင့် အလုပ်ဝင်လုပ်ခဲ့သည်။ တရားရုံးဆိုသည့်အတိုင်း၊ အမှုအခင်းပေါင်းစုံ လူပေါင်းစုံတို့ဖြင့် အတွေ့အကြုံများရရှိခဲ့ပြီး လစာအပြင် အပိုဝင်ငွေများရရှိသော်လည်း ကျွန်မစိတ်မပျော်ပါ။တွေ့မြင်နေရသော ဒုက္ခရောက်နေသူများ၊ ငွေကြေးနှင့်တရားမျှတမှုရှိခြင်းမရှိခြင်းတို့သည်၊ ကျွန်မအတွက်စိတ်မသက်မသာဖြစ်စေ သည်။ လုပ်သက်၂နှစ်နီပါးတွင် ကျောင်းများပြန်ဖွင့်သဖြင့် အလုပ်ထွက်ပြီးကျောင်းပြန်တက်ခဲ့သည်။ တက္ကသိုလ်နောက်ဆုံးနှစ်ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် ဘဏ်စာရေးအဖြစ် အလုပ်ဝင်ခဲ့သည်။ နောက်ဆုံးနှစ်စာမေးပွဲ အပြီးတွင် မဟာသိပ္ပံတက်ခွင့်ရသဖြင့် M.Sc ပထမနှစ်ကို ဆက်လက်တက်ခဲ့သည်။
ဤနှစ်များအတွင်း စိန်လာဇရူးဘုရားကျောင်းတွင် ကောင်းသောသိုးထိန်းသီလရှင်အသင်းမှ Sr. Jacinta ဘုရားစကားလာသင်သော်လည်း ကျွန်မမတက်ပဲ ကျွန်မ၏မောင်လေးနှင့် ညီမလေးသာ ဘုရားစကား သင်တန်းတက်ကြပြီး၊ Sr. သင်ပေးသောအကြောင်းအရာများကို အိမ်တွင်ပြန်ပြော ပြသဖြင့် ကျွန်မ၏မသိစိတ်ထဲ တွင်လည်း ကောင်းသောသိုးထိန်းသီလရှင်တို့၏လုပ်ဆောင်မှု ၊အပြုအမူ၊အပြောအဆိုများက ဝင်ရောက်နေလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်ကောင်းသောသိုးထိန်းသီလရှင်များမှ၌ပြုလုပ်သော နွေရာသီ “Come AND See“ ( လာ၍ကြည့်ပါ ) သင်တန်းကို တက်ရန်ခေါ်သော်လည်း၊ တစ်နှစ်ပြီးတစ်နှစ် အကြောင်းအမျိုးမျိုးပြပြီးမတက်ခဲ့ပေ။ ထိုနှစ်များအတွင်း၌ကြုံတွေ့ရသော မိသားစုပြဿနာများသည် ကျွန်မအား ဘုရားနှင့်ပိုမိုနီးစပ်လာစေပြီး နေ့စဥ် မစ္ဆားပုံမှန်တက်ခြင်း ၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းများကို အထူးပြုလုပ်လာခြင်းဖြင့် ဘုရား၏ခေါ်သံကို ပိုမိုသတိပြုမိစေခြင်းဖြစ်သည်ဟု နောက်မှ သိလာခဲ့ရသည် ။ ထိုအချိန်က သခင်ခရစ်တော် မွေးဖွားခြင်းနှစ် (၂၀၀၀) အတွက် ကြိုတင်ပြင်ဆင်မှုများကို သာသနာ အသီးသီးတွင် ပြုလုပ်ကြရာ ၊ သြဝါဒများ၌ ခရစ်တော် ၏မွေးနေ့ နှစ် (၂၀၀၀) အတွက် ဘာလက်ဆောင်တွေပေးကြမလဲပြင် ဆင်ထားရန် မကြာခဏ ဟောပြောကြ ရာ ၊ ကျွန် မ၏စိတ်တွင် ကျွန်မလည်းမွေးနေ့ လက်ဆောင်ပေးချင်သည် သို့ သော်ဘာလက်ဆောင်လဲ၊ ဘယ်လို မျိုးလဲ၊ ဘာမှမသိသော်လည်းပေးချင်သောစိတ်ဆန္ဒသာရှိပြီး တခုခုကို သခင်ယေဇူးအား လက်ဆောင်အဖြစ် ပေးရန်သာ ဆုတောင်းမိသည်။
အလုပ်လုပ်ရင်းကျောင်းတက်ခြင်းဖြင့်မဟာ သိပ္ပံပထမနှစ်ကို အောင်မြင်လာသော်လည်း ကျွန်မ၏ စိတ်အတွင်း၌ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားရပြီး အလုပ်အကိုင်နှင့် ပညာရေးသည် ကျွန်မအတွက် စိတ်ကျေနပ်မှုမရှိ၊ ကျွန်မနှင့်သက်ဆိုင်သောနေရာဟု မခံစားရပေ။ MSc ပထမနှစ်ပြီးသောနှစ်တွင် ကောင်းသော သိုးထိန်း Sisters များမှ “Come & See” သင်တန်း တက်ရန် ထပ်မံ ဖိတ်ခေါ်သောအခါ မည်သူ၏တိုက်တွန်းမှုမှ မပါပဲ လိုလိုချင်ချင်နှင့် သွားရောက်တက်ခဲ့သည်။ ထိုသင်တန်းတွင် Sr. Maria Goretti Lwin မှပို့ချချက်တခုကို ပို့ချရာ ဘုရားက ကျွန်မတို့ ကို သူ့ နောက်ကို လိုက်ရန် ခေါ်သော်လည်း နည်းလမ်းအမျိုးမျိုးနှင့် ငြင်းဆိုကြကြောင်း တချို့မှလည်း ငါ့ကိုခေါ်တာမဟုတ်ဘူး၊ တချို့မှလည်း မသိချင်ယောင်ဆောင်နေကြောင်း ၊ တချို့မှလည်း မအားသေးဘူးဆိုပြီး လစ်လျူရှူ့နေကြကြောင်း ပြောသောအခါ ကျွန် မ၏စိတ်ထဲ၌ ကျွန်မကို ပြောနေသကဲ့သို့ ခံစားရသည်။ ထိုမှဘုရားရှင်၏ခေါ်သံကို ကြားရပြီးတုန့်ပြန်ရန်ကြိုးစားသော်လည်းအချိန်ကာလများစွာ တုန့် ဆိုင်းပြီး ဆင်ခြေများဖြင့် ပြတ်သားစွာ မဆုံးဖြတ်နိုင်သေးခဲ့ပေ။ မိသားစုတွင် အကြီးဆုံးဖြစ်သည်နှင့်အညီ မိသားစုအားပြန်လည်ကြည့်ရှုရန်အလုပ်တစ်ခုခု ဝင်လုပ်မည်ဟု စဥ်းစားမိပြီး ထပ်မံအလုပ်လျှောက်ခဲ့ပြန်သည်။ ထိုအလုပ်မရခဲ့သဖြင့် နောက်တဖန် ပုဂ္ဂလိကဘဏ်တစ်ခုတွင် ထပ်မံလျှောက ပြီး ပရိတ်သူငယ်တော်ယေဇူးထံ တွင် တပည့်တော် အလုပ်လျှောက်ထားကြောင်း တစ်လတိတိ စောင့်မည်ဖြစ်ကြောင်း ၊ တပည့်တော်အား အလုပ်လုပ်ရန် အလိုရှိပါက ထိုအလုပ်ရပါစေကြောင်းနှင့် သို့မဟုတ်ပါက ဘုရားသခင်အလိမရှိကြောင်းနှင့် ဘုရား၏ခေါ်သံကို တုန့်ပြန်ရန် ပြတ်သားစွာဆုံးဖြတ်မည်ဖြစ်ကြောင်း ဆုတောင်းခဲ့သည်။
အမှန်တကယ်ပဲ ဘုရားက ကျွန်မကိုသူ့ နောက်လိုက်ရန်သာအလိုရှိသဖြင့် ကျွန်မအလုပ်မရခဲ့ပါ။ ဘုရား၏အလိုတော်ကို နားလည်ပြီးနောက် ကျွန်မပြတ်သားစွာဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ကို အားပေးကူညီခဲ့သူမှာ ကျွန်မ၏ မောင်လေး Raymond ပင်ဖြစ်ပြီး မိခင်မှ ဝမ်းမြောက်ဝမ်းသာစွာ သဘောတူသော်လည်း ဖခင်မှာ မကန့်ကွက်သော်လည်း ၊ အားရကျေနပ်စွာ မရှိကြောင်းတွေ့ခဲ့ရသည်။ သို့ သော် ကျွန်မပြတ်သားစွာ ဆုံးဖြတ်နိုင်ခဲ့ ပြီး ၁၉၉၆ ခု နှစ် မေလ (၁၈)ရက်နေ့ တွင် ၊ ကောင်းသောသိုးထိန်းသီလရှင်ကျောင်းသို့ ဝင်လိုသူအဖြစ်စတင် သွားရောက်ခဲ့သည်။
(၂၀၀၀) ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့ တွင် ကောင်းသော သိုးထိန်းသီလရှင်အဖြစ် ပထမသစ္စာ ခံယူခဲ့ သည်။ ကျွန်မ၏ပထမသစ္စာ ခံယူသောနေ့ တွင် ကျွန်မ၏ဖခင်မှသူပျော်ရွှင်ကြောင်း ၊ ကျွန်မအတွက် ဂုဏ်ယူကြောင်းပြောခဲ့ပါသည်။ ကျွန်မ၏ဆန္ဒဖြစ်သော နှစ်(၂၀၀၀) တွင် သခင်ခရစ်တော်ကို မွေးနေ့ လက်ဆောင် အဖြစ် ကျွန်မ၏ဘဝကို သီလရှင်တစ်ပါးအဖြစ် ပေးနိုင်ခဲ့သည့်အတွက် ဝမ်းသာကျေနပ်ပြီး သက်ဆုံးတိုင် ဆက်ကပ်ပူဇော်နိုင်ရန် ဘုရား၏ကျေးဇူးတော် မယ်တော်၏ကူညီစောင်မခြင်း၊ အတူနေသီလရှင်များ၏ အားပေးကူညီမှုနှင့် မိဘညီအစ်ကို မောင်နှမများ၏ ဆုတောင်းပေးခြင်းများဖြင့် ဆက်လက်ရှင်သန်မည် ဖြစ်ပါသည်။ အထူးသဖြင့် (၂၅)နှစ်နီးပါးတိုင် သီလရှင်ဘဝအသက်တာ၌ ဘုရားရှင်ပေးခဲ့သော အတွေ့အကြုံများ အဖြစ်အပျက်များ၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းများ၊ အောင်မြင်မှု၊ ကျရှုံးမှု့ များ၊ ကြောက်ရွံ့မှုများ အားလုံးအတွက် ကျေးဇူးတင်ရင်း အမိမယ်တော်သည် ဘုရားရှင်ကို ချီးမွမ်းသကဲ့သို့ ကျွန်မသည်လည်း ထာဝရ ဘုရားရှင်ကို အမိမယ်တော်ကဲ့သို့ အောက်ပါအတိုင်း ချီးမွမ်းလိုပါသည် ။
“ထာဝရဘုရားသခင်သည် ငါ ၌ ကြီးမြတ်သော အရာများကို ပြုတော်မူပြီ ။ ကိုယ်တော်၏နာမတော်သည်သန့် ရှင်း၏ ”(လုကာ ၁း ၄၉)
Sr. Marcinda မိုးသူဇာမြင့်
ဘဝသမိုင်းစာမျက်နှာအစကိုပြန်ပြောင်းကြည့်မည်ဆိုလျှင်……ကျွန်မမှာမွေးချင်း(၅)ယောက်ရှိခဲ့သည်။ကျွန်မသည်မိသားစုမှာ အငယ်ဆုံးသမီးထွေးအဖြစ် မောင်နှစ်မများထဲမှာနေရာယူခဲ့သူရယ်ပါ။ ကျွန်မမှာအကိုနှစ်ယောက်၊ အစ်မနှစ်ယောက်ရှိခဲ့ပြီး ယခုလက်ရှိမှာတော့ အစ်ကိုအငယ်နှင့်အစ်မအငယ် နှစ်ယောက်စလုံးနှင့်အတူအဖေပါ ဘုရားရှင်ပြန်လည်သိမ်းပိုက်သွားခဲ့ပါပြီ။
မိဘနှစ်ပါး၏ ဘာသာတရားကိုင်းရှိုင်းတန်ဖိုးထားမှုကြောင့် သားသမီး၅ဦးအနက် အငယ်ဆုံး ဖြစ်သောကျွန်မနှင့် အစ်ကိုအကြီးဆုံးကို ဘုရားရှင်က တထူးတခြားရွေးချယ်လျက် သူ၏အမှူတော်ကို လုပ်ဆောင်စေဖို့ရန်အတွက်ခေါ်ဖိတ်ခြင်းခံခဲ့ရသည်။ကျွန်မတို့မိသားစုနေထိုင်သည့်ကျေးရွာကလေးသည် ဧရာဝတီမြစ်ကမ်းဘေးတစ်လျောက်မှာတည်ရှိလျက်နေထိုင်ကြသည်။ ငယ်ရွယ်စဥ်ချိန်မှာ စိန်ဇေးဗီးယား သီလရှင်များနှင့်နီးစပ်ခဲ့မှုမှတဆင့် ကျွန်မသည် သာသနာပြုလမ်းကို ရွေးချယ်ဖို့ရန်အတွက် ထိုမျိုးစေ့ငယ်လေးကို ငယ်ရွယ်နုပျိုချိန်ခါကပင်စခဲ့လို့ရင်မှာပိုက်ထွေးခဲ့ပြီး ၎င်းမျိုးစေ့ကို တစိုက်မတ်မတ် ပျိုးထောင်ခဲ့လျက် ရင်မှာနေ့စဥ်ရှင်သန်စေခဲ့သည်။
ကျွန်မသည်ဆင်းရဲနွမ်းပါးသောမိသားစုများနှင့်အတူ ငယ်ရွယ်စဥ်အချိန်ကစ ပညာသင်ချိန်တစ်လျောက် လုံးမှာ ကျောင်းပြီးသွားသည့်တိုင် မြစ်ကမ်းနဘေးရှိ ဧရာဝတီမြစ်ရေကိုအမှီပြုလျက် စိုက်ပျိူး၊ မွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်ရင်း စားဝတ်နေရေးနှင့်ပညာရေးအတွက် မိဘများနှင့်အတူ ခက်ခက်ခဲခဲကြိုးစား ရုန်းကန်ခဲ့လျက် အတူတကွဖြတ်သန်းခဲ့ကြရသည်။
မောင်နှစ်မများအားလုံးကို မိဘများကကျောင်းထားပေးခဲ့ပြီး မိသားစုကဆင်းရဲသော်လည်း သားသမီးများ ပညာရရှိရေးအတွက် မိဘများနှင့်အတူမောင်နှစ်မများအားလုံး အင်မတန်မှရုန်းကန်ကြိုးစားခဲ့ရရှာသည်။ ကျွန်မဖြတ်သန်းခဲ့ရသည့်ဘဝသမိုင်းစာမျက်နှာမှာ ရသစုံသောဘဝရဲ့ချိုးကွေ့တလျောက် ချို-ငန်-ချဥ်-စပ်-ခါး….အသက်တာကို အဓိပါယ်ရှိစွာမြည်းစမ်းကျော်ဖြတ်ခဲ့ရသည်။
ဘဝကခက်ခဲကြမ်းတမ်းခဲ့သော်လည်း မိမိထားရှိခဲ့သောပန်းတိုင်သို့ ခက်ခဲဆင်းရဲပင်ပန်းမှုများကို အန်တုလျက်ရုန်းကန်ရင်း ကြိုးစားပညာသင်ခဲ့ရသည်။ ကျွန်မသည် မလျော့သောဇွဲလုံံ့လဝီရိယဖြင့် ပန်းတိုင်ကိုမျက်ခြေမပြတ်တစိုက်မတ်မတ်ထားခဲ့ခြင်းကြောင့် ပညာကိုအဆုံးထိတိုင်သင်ယူနိုင်ခဲ့သည်။
ကျောင်းပြီးဆုံးသွားသည့်နောက်မှာမိမိထားရှိခဲ့သောပန်းတိုင်နှင့်အတူမိဘနှစ်ပါးရဲ့ ဆုတောင်းမေတ္တာများ ကြောင့်သာဘုရားရှင်ရဲ့ခေါ်ဖိတ်ခြင်းခံခဲ့ရသည်။ဘဝလမ်းကိုယနေ့ထိတိုင်ဆက်လက်ဆက်ကပ်နိုင်ခြင်းသည်ဘုရားရှင်ရဲ့အကြွင်းမဲ့ ကျေးဇူးတော်ကြောင့်သာဆက်လက်ဆက်ကပ်နိုင်ခြင်းဖြစ်သည်။
ငယ်စဉ်တုန်းကသီလရှင်ဆိုတာတစ်သင်းပဲရှိတယ်လို့ထင်ခဲ့တယ်။သီလရှင်ဆိုတာဘုရားပဲရှိခိုးခြင်း၊ အချိန်နာရီပိုင်း၌ရှိခိုးခြင်း၊အစောကြီးထပြီးရှိခိုးရခြင်းဒီလုပ်ငန်းတစ်ခုပဲလုပ်ရတယ်လို့မြင်ခဲ့ရတယ်၊ သိခဲ့ရတယ်။
(၈)တန်းရောက်လာတော့သီလရှင်ဂိုဏ်း(၅)ဂိုဏ်းရှိတယ်ဆိုတာမြင်လာပြီးသူတို့ရဲ့လုပ်ငန်းတစ်ချို့သိလာရတယ်။အဲ့ဂိုဏ်းအားလုံးထဲမှာကောင်းသောသိုးထိန်းသီလရှင်ဂိုဏ်းလည်းပါဝင်ပါတယ်။ဘာ့ကြောင့်ကောင်းသောသိုးထိန်းသီလရှင်အသင်းကိုစိတ်ဝင်စားသလဲလို့မေးရင်……ကျွန်မရှစ်နှစ်၊ကိုးနှစ်အရွယ်မှာ ကျွန်မရဲ့အိမ်နီးနားချင်းအစ်မတစ်ယောက်ကဖခင်မရှိတဲ့ခလေးတစ်ဦးမွေးပြီးမိဘအိမ်ကိုပြန်လာခဲ့လို့အဲ့အမျိုးသမီးဟာပြစ်တန်ဆာလုပ်စားတဲ့သူ၊အကျင့်မကောင်းတဲ့သူဆိုပြီးအမျိုးသားတစ်စုကသူ့အိမ်ကိုလာပြီးအမှုစွပ်စွဲကြသည်။အမျိုးသမီးကသူ့ခလေးကိုချီပိုက်ပြီးငိုယိုကာထိုအမျိုးသားတစ်စုကိုပြန်ခုခံပြောဆိုနေသည်ကိုကျွန်မတွေ့ရပြီးသူ့ကိုသနားမိခဲ့တယ်။အမျိုးသမီးတွေရဲ့ဘဝကိုဖိနှိပ့်တယ်လို့ပဲမြင်ခဲ့တယ်။ဘယ်သူ့မှသူ့ဘက်မှာမရပ်တည်ပေးဘူးလားလို့ဘဲစဉ်းစားမိတယ်။ကိုယ်ကငယ်သေးတော့နှစ်သိမ့်အားပေးစကားမပြောတတ်ပေမဲ့သူ့ခလေးကိုခေါ်ပြီးကျွန်မပိုးပေးပြီးတခြားနေရာသို့သွားကာသူ့အမေကအဲ့ယောက်ျားကြီးတွေနဲ့ပြန်ရင်ဆိုင်ဖြေရှင်းနေတာကိုကြားရတယ်။အဲ့အမျိုးသမီးရဲ့မြင်ကွင်းကိုအရမ်းသနားလာခဲ့တယ်။
တစ်နေ့ကျတော့အစ်မဝမ်းကွဲတစ်ဦးကကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်းအကြောင်းကိုပြောပြလာခဲတယ်။ဘယ်လိုလည်းဆိုတော့အဲ့အသင်းဟာဒုက္ခရောက်နေတဲ့အမျိုးသမီးကိုနတ်ဆိုးပါးစပ်ထဲမှပြန်ဆွဲခေါ်ယူရတဲ့အကြောင်းပြောပြလို့ချက်ချင်းငယ်စဉ်တုန်းကတွေ့ခဲ့ရတဲ့အမျိုးသမီးရဲ့အဖြစ်အပျက်ကိုပြန်မြင်ယောင်ပြီး…..ဟုတ်တယ်ငါအဲ့လိုလူမျိုးကိုကူညီချင်တယ်၊စွန့်စားချင်တယ်ဆိုတဲ့စိတ်ဖြစ်လာခဲ့တယ်။ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်းအကြောင်းသိရပေမဲ့ကောင်းသောသိုးထိန်းသီလရှင်များကိုတော့တစ်ပါးမှမသိခဲ့ဖူးပါဘူး။သူတို့ရဲ့လုပ်ငန်းဆွဲဆောင်မှုကြောင့်သတ္တိရှိရှိနဲ့သီလရှင်ကျောင်းကိုသွားကာသီလရှင်တစ်ပါးနဲ့မိမိကိုယ်ကိုမိတ်ဆက်ပေးရင်းတစ်ဆင့်ချင်းစီဆက်သွားပြီး(2000)ခုနှစ်မှာပထမသစ္စာယူကာ(2025)ခုနှစ်မှာသီလရှင်ဘဝခရီး(၂၅)နှစ်ရောက်ရှိလာပါသည်။